လူသွားပလက်ဖောင်းများ အလယ်တွင် စိုက်ထူထားသော စီးပွားဖြစ်ကြော်ငြာဆိုင်းဘုတ်များကို စာချုပ်ပါ စည်းကမ်းများအတိုင်း မလိုက်နာလျှင် အဆင့်ဆင့်ဆောင်ရွက်မည်ဟု မြို့တော်ဝန်ပြောကြား

NEWS WATCH SEPTEMBER 24, 2018 01 Jan 1970

လူသွား ပလက်ဖောင်းများ အလယ်တွင် စိုက်ထူထားသော စီးပွားဖြစ်ကြော်ငြာ ဆိုင်းဘုတ်များကို တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီမှ စာချုပ်ပါ စည်းကမ်းများအတိုင်း မလိုက်နာလျှင် နှစ်ဦးနှစ်ဖက် သဘောတူညီရရှိမှု ရတဲ့အထိ အဆင့်ဆင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်
မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

ရန်ကုန်မြို့၏ အဓိကအချက်အချာ ကျသောနေရာများရှိ လူသွားပလက်ဖောင်းများအလယ်တွင် စိုက်ထူထားသော စီးပွားဖြစ်ကြော်ငြာ ဆိုင်းဘုတ်များအား အခြားသင့်တော်သော နေရာများသို့ ရွေ့ပြောင်းစိုက်ထူပေးရန် အစီအစဉ်ရှိ၊မရှိနှင့် ထိုစီးပွားဖြစ်ကြော်ငြာများကို မည်သို့သော စာချုပ်ကို သဘောတူညီချက်များဖြင့် ဆောင်ရွက်နေကြောင်း သိရှိလိုကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ၊မရှိနှင့် မရှိပါက မည်သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း စက်တင်ဘာ ၂၄ ရက်ကပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က မေးမြန်းခဲ့ ရာ မြို့တော်ဝန်က 
အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့သည်။

" ရန်ကုန်မြို့ရဲ့ အဓိက အချက်အချာကျတဲ့ လူသွားပလက်ဖောင်းရဲ့ အလယ်မှာ စိုက်ထားတဲ့ စီးပွားဖြစ် ကြေငြာဆိုင်းဘုတ် ကိစ္စတွေနဲ့ ပတ်သက်လို့ အစတည်းက ဆွေးနွေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့တော်မှာ ခေတ်မီဘတ်စ်ကား မှတ်တိုင်တွေ တည်ဆောက်ဖို့အတွက် နိုင်ငံတကာ တင်ဒါကို ခေါ်ခဲ့ပါတယ်။ အဲ့ဒီ့တင်ဒါကို FMI Decaux Co.,Ltd ကနေပြီးတော့ တင်ဒါအောင်မြင်ခဲ့တဲ့ အတွက်ကြောင့် လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အပ်နှံခဲ့ရာမှာ ခေတ်မီဘတ်စ်ကား မှတ်တိုင်တွေ တည်ဆောက်တဲ့ နေရာမှာ သတ်မှတ်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်တွေ ပါဝင်လာပါတယ်။ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေအတိုင်း မဆောင်ရွက်လို့ရှိရင်လည်း ဆွေးနွေးညှိနှိုင်းခြင်း၊ ပြန်လည်ပြုပြင် စေခြင်းတို့ကို ပြုလုပ်စေပြီးတော့မှ လိုက်နာမှု မရှိရင်တော့ စာချုပ်ပါ စည်းကမ်းချက်အတိုင်း နှစ်ဦးနှစ်ဖက် သဘောတူညီရရှိမှု ရတဲ့အထိ အဆင့်ဆင့် ဆောင်ရွက် 
သွားမှာ ဖြစ်ပါတယ် " ဟု မြို့တော်ဝန် ကပြောသည်။

ယင်းဘတ်စ်ကား မှတ်တိုင်များ တည်ဆောက်သည့်အခါ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) မှ အတည်ပြုပြီး အဆိုပါနေရာများတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စာချုပ်ပါ သဘောတူညီချက်အရ FMI Decaux Co.,Ltd နဲ့ YRTA တို့ကနေ ဘတ်စ်ကားမှတ်တိုင်များကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှုနှင့် တည်ဆောက်ကာ ဝင်ငွေအဖြစ် ကြော်ငြာ လုပ်ငန်းများကို ဆောင်ရွက်ခွင့်လည်း ပြုခဲ့ပြီး ကြော်ငြာမှ ရရှိသည့် ဝင်ငွေများကို စာချုပ်ပါ စည်းကမ်းအတိုင်း ခွဲဝေ၍ ရန်ကုန်တိုင်း အစိုးရထံသို့ နှစ်စဉ်ပေးသွင်းရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။

 

Ref : News Watch

Posted By : Thazin (www.findpropertymm.com)