Find Property

ပြည်-ပေါက်ခေါင်းရထားလမ်း ဖောက်လုပ်ရာတွင် မလွတ်ကင်းခဲ့သည့် လယ်များအတွက် လျော်ကြေးပေး

Myanmar Builder Guide | 17 Aug 2019

ပြည်-ပေါက်ခေါင်း ရထားလမ်း ဖောက်လုပ်ရာတွင် မလွတ်ကင်းခဲ့သော လယ်ယာမြေများအတွက် လျော်ကြေးငွေများကို သြဂုတ်၁၂ ရက်က ပေးအပ်ခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က ပြောသည်။

အဆိုပါ လျော်ကြေးငွေပေးအပ်ပွဲကို ပေါက်ခေါင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ ပေါက်ခေါင်းမြို့နယ်ရှိ ဗောဓိကုန်း၊ သဖန်းချို၊ ကင်မွန်းခြုံ၊ ငါးခူးအိုင်၊ ရွာထောင်၊ချောင်းကောင်းနှင့် အင်ငါးခွ ကျေးရွာအုပ်စုများရှိ ဒေသခံတောင်သူ ၂၄၆ ဦး ရရှိခဲ့သည်။

‘‘လျော်ကြေးငွေကတော့ ပြည်ထောင်စု အစိုးရကနေ ပေးတာပါ။ ပြီးခဲ့တဲ့ ဘတ်ဂျက်နှစ်ကတည်းက တောင်သူ လယ်သမားတွေ လျော်ကြေးငွေရဖို့ တင်ပြပေးခဲ့တာ အခုရရှိခဲ့ခြင်း ဖြစ်ပါတယ်’’ ဟု ဦးသက်မင်းဇော်က ဆိုသည်။

လယ်ယာမြေ ၁၇၄ ဒသမ ၀၈ ဧကအတွက် လယ်တစ်ဧကလျှင် ကျပ်သိန်း၂၀ နှုန်း၊ ယာတစ်ဧကလျှင် ကျပ် ၁၅ သိန်းနှုန်းဖြင့် လျော်ကြေးကျပ် ၃,၂၉၃ သိန်း ပေးအပ်ခဲ့သည်။

‘‘ကျွန်တော်တို့ အနေနဲ့ကမီးရထားသံလမ်း လုပ်သွားခဲ့တဲ့ နေရာမှာ ပြန်ဖြိုဖျက်တာတို့၊ စိုက်ပျိုးရေး လုပ်ဖို့တို့ မလွယ်တာ ကြောင့် လျော်ကြေးငွေပဲ လိုချင်ခဲ့တယ်’’ဟု လျော်ကြေးငွေရခဲ့သည့် အင်ငါးခွကျေးရွာ အုပ်စုမှဒေသခံ တောင်သူတစ်ဦးက ပြောသည်။

ပြည်-ပေါက်ခေါင်း ရထား လမ်းသည် ၂၄မိုင်ရှည်ကာ ၂၀၀၉စက်တင်ဘာက စတင်ပြေးဆွဲ သော်လည်း သံလမ်း ကြံ့ခိုင်မှုအား နည်းခြင်း၊ ရာသီဥတုသဘာဝဘေး အန္တရာယ်များကြောင့် ရထားခရီးစဉ်များ ဖျက်သိမ်းရခြင်းနှင့် ခရီးသည်စီးနင်းလိုက်ပါမှု နည်းပါးခြင်းတို့ကြောင့် မြန်မာ့မီးရထား တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး အစိုးရထံတင်ပြရာ ၂၀၁၃ အောက်တိုဘာ ၁၅ ရက်တွင်ပြေးဆွဲမှု ရပ်နားခဲ့သည်။

ရထားပြေးဆွဲခြင်း မရှိတော့၍ မြန်မာ့မီးရထားရုံးချုပ် ညွှန်ကြားချက်အရ ၂၀၁၈ ဇန်န၀ါရီတွင် သံလမ်းများနှင့် ဇလီဖားတုံးများကို ပြန်လည်သိမ်းဆည်းခဲ့ သည်။

‘‘လျော်ကြေး ပေးအပ်ပွဲကိုတော့ အသိသက်သေအဖြစ်နဲ့ တက်ရောက်တာပါ။ လျော်ကြေး ပေးပြီးတဲ့ နောက်မှာတော့ ဌာနပိုင်မြေ ဖြစ်သွားမှာပေါ့’’ဟု ပြည်ဘူတာကြီးမှ ရုံပိုင်ကြီး ဦးစိုးလှက ပြောသည်။

 

Ref & Photo Credit : Myanmar Builder Guide 

Posted By : Thazin Hnin Htet (www.findpropertymm.com)