ကမ်းနားလမ်းသစ်တွင် သံဖရိန်လှေကားတစ်စင်း ထပ်မံတပ်ဆင်

Myanmar Builder Guide 10 Aug 2019

ရန်ကုန်တိုင်းဒေသကြီး   ကမ်းနားလမ်းသစ်တွင် မော်တင်လူကူးခုံးကျော်တံတားနှင့် ဆက်စပ်၍ လှေကားတစ်စင်း ထပ်မံတပ်ဆင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ  အင်ဂျင်နီယာဌာန(လမ်း၊ တံတား)မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါလှေကားကို   ကမ်းနားလမ်းဟောင်းနှင့်  ကွန်ကရစ်ကမ်းနားလမ်းသစ်ကြား၌ တပ်ဆင်နေခြင်းဖြစ်ပြီး လမ်းကူးသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် သံဖရိန်ဖြင့် တည်ဆောက်နေခြင်း ဖြစ်သည်။

''ဒီလထဲပြီးစီးဖို့တော့ မျှော်မှန်းထားပါတယ်။ လမ်းကူးမယ့်သူတွေအနေနဲ့ တံတားပေါ်ကနေ စနစ်တကျဖြတ်ကူးနိုင်အောင်လို့ လိုအပ်ချက်အရ တပ်ဆင်တာဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။

ယင်းတံတားသည်   လမ်းကူးသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဝါးတန်းလမ်းမှ ကမ်းနားဆိပ်ကမ်းသို့ အဝင်လမ်းအထိ သွယ်တန်းထားပြီး အနော်ရထာလမ်း၊ ကမ်းနားလမ်းဟောင်း၊ ကမ်းနားလမ်းသစ်တို့ပေါ်မှ    ဖြတ်သန်း တည်ဆောက်ထားသော်လည်း ကမ်းနားလမ်းဟောင်းနှင့် ကမ်းနားလမ်းသစ်ကြားတွင် အတက်အဆင်းလှေကား မရှိသည့်အတွက် တံတားအောက်မှပင်   ဖြတ်သန်းသွားလာနေကြရသော အခြေအနေမျိုး ဖြစ်သည်။

ထို့ပြင် ယာဉ်ကြောရှုပ်ထွေးမှုများသည့်အတွက် လှေကားတစ်စင်း ထပ်မံတပ်ဆင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက  အကြံပြု တင်ပြလာသဖြင့်  ယခုလတွင်  အတက်အဆင်းလှေကားကို တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းလူကူးခုံးကျော်တံတားတွင် ကမ်းနားလမ်းဘက်ဝင်ပေါက်၌  စက်လှေကားနှင့် ရိုးရိုးလှေကားတို့ကိုလည်းကောင်း၊ အနော်ရထာလမ်းဘက်တွင် စက်လှေကားနှင့် ရိုးရိုးလှေကားတို့ကိုလည်းကောင်း တပ်ဆင်ထားကာ ဝါးတန်းလမ်းထိပ်တွင် ရိုးရိုးလှေကား တစ်စင်းတပ်ဆင်ထားကြောင်း သိရသည်။

Ref & Photo Credit : Myanmar Builder Guide 

Posted By : Thazin Hnin Htet (www.findpropertymm.com)