Find Property

မြို့ပတ်ရထားအနောက်ဘက်ခြမ်းရှိ ကြည့်မြင်တိုင်ဘုရားလမ်း အတွင်းလမ်းကို ယခုလကုန် အပြီးသတ်ဆောင်ရွက်မည်

Myawaddy | 17 Jun 2019

မြို့ပတ်ရထားအနောက်ဘက်ခြမ်းရှိ ကြည့်မြင်တိုင်ဘုရားလမ်း အတွင်းလမ်းကို ယခုလကုန် အပြီးသတ်ဆောင်ရွက်မည်

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအနောက်ဘက်ခြမ်းရှိ ကြည့်မြင်တိုင်ဘုရားလမ်း အတွင်းလမ်းကို ယခုလကုန်တွင် အပြီးသတ်ဆောင်ရွက်၍ မိုးရာသီ၌ပြန်ဖွင့်ကာ

နှစ်လမ်းသွားစနစ်ဖြင့် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်း (၇) လက်ထောက်မန်နေဂျာ ဦးကျော်မျိုးလွင်၏ ပြောဆိုချက်အရ သိရသည်။

ထို့ပြင် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်း အဆင့်မြှင့်တင်မှုကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ အရှေ့ဘက်ခြမ်းတွင် အခက်အခဲအနည်းငယ်ရှိသဖြင့် ဇွန် ၂ဝ ရက်တွင် တညင်းကုန်း-မင်္ဂလာဒုံ-ပုရွက်ဆိတ်ကုန်းလမ်းပိုင်းကို ဖွင့်ရန် စီစဉ်ထားသော်လည်း ဖွင့်နိုင်ရန် မသေချာသေးကြောင်း၊ တညင်းကုန်း-ကျိုက္ကလဲ့နှင့် ပုရွက်ဆိတ်ကုန်း-ဥက္ကလာပဘူတာကို အသုံးပြုသူ ခရီးသည်များသည့်အတွက် ဥက္ကလာပဘူတာအထိ လမ်းပြန်ဖွင့်ရန် စီစဉ်ထားကြောင်း သိရသည်။

 

ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရာတွင် မြေသားအစားထိုးလုပ်ငန်းသည် မိုးရာသီ၌ အခက်အခဲအနည်းငယ်ရှိပြီး ယင်းအပိုင်းကို စက်တင်ဘာလအထိ ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပိတ်ထားသည့် ပုရွက်ဆိတ်ကုန်းမှ တညင်းကုန်းဘူတာအထိ နှစ်လမ်းစလုံးမဖွင့်နိုင်ဘဲ ယင်းအပိုင်းမှ တညင်းကုန်း-ကျိုက္ကလဲ့ဘူတာကြားမှ အပိုင်းနှင့် ပုရွက်ဆိတ်ကုန်းမှ ဥက္ကလာပဘူတာအထိ ဖွင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ပုရွက်ဆိတ်ကုန်းကနေ ဥက္ကလာပဘူတာအထိ နှစ်လမ်းစလုံး ဖွင့်နိုင်မယ်။ တညင်းကုန်း-ကျိုက္ကလဲ့ဘူတာက အတွင်းလမ်း ပြန်ဖွင့်နိုင်မယ်။ အောက်တိုဘာလကစပြီး ပုရွက်ဆိတ်ကုန်းဘူတာကနေ ဒီဘက်အခြမ်းကို ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ ပြန်ညှိရမယ်။ ပုရွက်ဆိတ်ကုန်း ဘူတာကနေ ပုဇွန်တောင်ဘူတာအထိ တစ်ပိုင်းလုံးကို လုပ်ဖို့မဖြစ်နိုင်ဘူး။ ရထားသွားလာရေးမှာ အခက်အခဲရှိမယ်။ ကြည့်မြင်တိုင် ဘုရားလမ်းပိုင်းကလည်း အပြင်လမ်းကို ပြန်လုပ်ရမှာဖြစ်တာကြောင့် လမ်းလုပ်တဲ့ကာလမှာ ပုရွက်ဆိတ်ကုန်းကနေ ရေကူးဘူတာ လောက်အထိ ပြင်ချင်ပြင်ရမယ်'' ဟု ဦးကျော်မျိုးလွင်က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းကို အဓိကထား ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်သည့် လုပ်ငန်းကို ၂ဝ၂၁ ခုနှစ်တွင် အပြီးသတ်ရန် ဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။

Posted By  : Seint Yupar Zaw (www.findpropertymm.com)

 Ref & Photo Credit  : Myawaddy  June 13 2019