Find Property

အဟောင်းတွေထဲက အကောင်းရွေးတဲ့ ပရိဘောဂဈေးကွက်.....

Myanmar Time News | 20 May 2019

မြန်မာနိုင်ငံရဲ့ ပရိဘောဂဈေးကွက်ထဲမှာ ကျွန်းသစ်အပြင် တခြားသစ်တွေကို အခြေခံပြီး ပြုလုပ်ထားတဲ့ ပရိဘောဂပစ္စည်းတွေဟာ ဈေးကြီးလွန်းတာကြောင့် ကြိုက်ပေမဲ့လည်းဝယ်ဖို့စဉ်းစားနေရတာမျိုးတွေရှိပါတယ်။ 
တစ်ဆက်တည်းမှာပဲ နိုင်ငံခြားကနေ တင်သွင်းတဲ့ကြိတ်သားကိုအသုံးပြုကာ ဒီဇိုင်းလှလှ ထုတ်လုပ်ထားပြီးပေါ့ပေါ့ပါးပါးသယ်ရလွယ်တဲ့ ပရိဘောဂပစ္စည်းတွေကလည်း ဈေးကွက်မှာအရှိန်အဟုန်နဲ့ နေရာယူ လာပါတယ်။ 

ဒီလိုအခြေအနေမျိုးမှာ ပရိဘောဂအသစ်ကိုဝယ်ဖို့ မတတ်နိုင်သူနဲ့ ပစ္စည်းအရည်အသွေးကို အဓိက ကြည့်သူတွေအတွက် အိမ်သုံးပရိဘောဂအဟောင်းတွေကို အွန်လိုင်းတွေကတစ်ဆင့် ရောင်းချခြင်း၊ တစ်နိုင် တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်ခြင်းတွေဟာ ဈေးကွက်ထဲမှာ တစ်စတစ်စနဲ့ ထွန်းကားလာပါတယ်။ 

အရင်က ပရိဘောကအဟောင်းတွေကိုအသိမိတ်ဆွေအချင်းချင်း ဆက်သွယ်ဝယ်ယူကြတာတွေနဲ့ တစ်နိုင် တစ်ပိုင်ပရိဘောဂ အဟောင်းဆိုင်သေးတွေကနေတစ်ဆင့်ဝယ်ယူကြတာလောက်သာရှိခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာကိုလူတိုင်းနီးပါး အသုံးပြုလာကြတဲ့အခါ ဆိုရှယ်မီဒီယာဟာစီးပွားရေးလုပ်ငန်းရှင်တွေအတွက် လူသိများအောင် ထိုးဖောက်နိုင်ဆုံး နေရာတစ်ခုဖြစ်လာပါတယ်။
ပစ္စည်းရှိတဲ့နေရာတွေကို အကြိုက်မတွေ့မချင်း သွားရောက် စုံစမ်းမေးမြန်းစရာမလိုတော့ဘဲ တစ်ထိုင်တည်းမှာပဲ မိမိကြိုက်တဲ့ဈေးနှုန်း၊ ပစ္စည်းအမျိုးအစားနဲ့ ဒီဇိုင်းတို့ကို ရှာဖွေကြည့်ရှုနိုင်တဲ့Jh facebook page တွေလည်း အများအပြားရှိနေပြီပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေသာမက နိုင်ငံခြားသားတွေပါ ဝင်ရောက် ကြည့်ရှု ဝယ်ယူနိုင်မယ့် အွန်လိုင်းပေ့ခ်ျတွေလည်း ရှိလာပါတယ်။ 

ပရိဘောဂအဟောင်းတွေကို နိုင်ငံခြားသားတွေ၊ ရှေးဟောင်းပစ္စည်းစုဆောင်းလိုသူတွေ၊ လက်ရာ ဟောင်းပေမဲ့ ပစ္စည်းကောင်းကို လိုချင်သူတွေနဲ့ ပစ္စည်းသစ်တွေရဲ့ကြီးမြင့်တဲ့ဈေးနှုန်းကို လိုက်မမီနိုင်သူတွေက အများအားဖြင့် ဝယ်ယူလေ့ရှိကြတယ်လို့ ပရိဘောဂအဟောင်းတွေကို ပြုပြင်ရောင်းဝယ်တဲ့ ဦးစိုးကပြောပါတယ်။

"ရှေးဟောင်းသစ်တွေနဲ့လုပ်ထားတဲ့ ပစ္စည်းတွေရဲ့အရည်အသွေးက စိတ်ချရအောင်  ကောင်းတယ်၊ လက်ရာ အရည်အသွေးကတော့ ခုနောက်ပိုင်းထုတ်လုပ်တဲ့ ပစ္စည်းသစ်တွေက ပိုပြီး ကောင်းတာကိုတွေ့ရတယ်၊ လူတိုင်းကတော့ ကိုယ်ကြိုက်တဲ့အရည်အသွေးကို ရွေးချယ်ဝယ်ယူကြတာပေါ့"လို့ ဦးစိုးက ပြောပါတယ်။

ပရိဘောဂပစ္စည်းတွေကို ရောင်းဝယ်ကြတဲ့အခါမှာ အကောင်းဆုံးပြန်လည်ပြုပြင်ပြီးမှသာ ပြန်လည် ရောင်းချလေ့ ရှိကြပါတယ်။ လူအများစုရဲ့ စိတ်ထဲမှာ အဟောင်းဆိုရင် ပစ္စည်းရဲ့အရည်အသွေးကို စိတ်မချ တာကြောင့်လည်းကောင်း၊ ပစ္စည်းသစ်လောက် ယုံကြည်မှုမရှိသေးတာကြောင့် ပရိဘောဂဟောင်းရောင်း ဝယ်တဲ့ ဈေးကွက်ထဲမှာတော့ ရောင်းလိုအားကပိုများနေပြီး ဝယ်လိုအားက နည်းနေသေးတယ်လို့လည်း ဦးစိုးကပြောပါတယ်။ ပစ္စည်းရဲ့အရည်အသွေးကောင်းကောင်းကို လိုချင်တယ်ဆိုရင်တော့ ပစ္စည်းဟောင်းတွေကို ပိုပြီး စိတ်ချဝယ်ယူသင့်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ပရိဘောဂအဟောင်းတွေကို ဝယ်ယူသင့်တဲ့ နောက်ထပ်အချက်တစ်ချက်ကတော့ ဈေးနှုန်းချိုသာခြင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် အဝတ်ဗီရိုတစ်လုံးကို သစ်ကောင်းကောင်းနဲ့ လက်ရာကောင်းကောင်းလိုချင်တဲ့အခါ လက်သမားဆရာတစ်ယောက်ကို အပ်နှံမယ်ဆိုရင် ပစ္စည်းတန်ဖိုးမပါဘဲ လက်သမားခ ငွေကျပ်ငါးသောင်းကနေတစ်သိန်းကြား ကုန်ကျနိုင်ပါတယ်။ 

ပရိဘောဂအဟောင်းဆိုင်က အထက်ပါပစ္စည်းမျိုးကို ဝယ်ယူမယ်ဆိုရင်တော့ လက်သမားခဈေးနှုန်း ကုန်ကျငွေထက် အနည်းငယ် ပိုပြီးအသုံးပြုရုံနဲ့ ပစ္စည်းတစ်ခုကို ချက်ချင်းပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့ ဥိးစိုးက ဆိုပါတယ်။

ပစ္စည်းဟောင်းတွေ တစ်နည်းအားဖြင့် အသုံးပြုပြီးပစ္စည်းတွေထဲမှာ တချို့ပစ္စည်းတွေဟာ ပစ္စည်းအရည်အသွေးပိုင်းမှာ ယုံမှား သံသယ ဖြစ်စရာမရှိလောက်အောင် ကောင်းမွန်တာတွေရှိတဲ့အတွက် ဈေးနှုန်းချိုချိုနဲ့ ပစ္စည်းကောင်းတွေရရှိနိုင်တယ်လို့ ပရိဘောဂဟောင်းတွေကို နှစ်သက်စွာ ဝယ်ယူစုဆောင်းလေ့ရှိတဲ့ ကိုကျော်အောင်က ဆိုပါတယ်။

"ဆိုင်မှာကိုယ်တိုင်ရှာပြီး ဝယ်ရတာကို ပိုသဘောကျတယ်၊ အဟောင်းဆိုတော့ အနာအဆာတွေရှိနိုင်တယ်လေ၊ သေချာကြည့်ပြီး ကိုယ့်စိတ်ကြိုက်ဝယ်ရတာကိုပိုသဘောကျတယ်"လို့ ကိုကျော်အောင်က ပြောပါတယ်။

ပစ္စည်းဟောင်းတွေကို ရှာဖွေဝယ်ယူတဲ့အခါ အသစ်တွေထက်ကောင်းတဲ့ အရည်အသွေးတွေရှိနေတတ်ပြီး ပေးရတဲ့ဈေးနှုန်းနဲ့ ပြန်ရတဲ့စိတ်ချမ်းသာမှုက ထိုက်တန်တဲ့အပြင် အသစ်တွေလိုမျိုးအရမ်းတောက် ပြောင်မနေတဲ့ အတွက် ပြောမပြတတ်တဲ့ နွေးထွေးမှုမျိုး ရတယ်လို့လည်း ကိုကျော်အောင်က ပြောပါတယ်။

ဒါ့ပြင် ဈေးကောင်းပေးဝယ်တဲ့ ပစ္စည်းတိုင်းအရည်အသွေးကောင်းကောင်း မရနိုင်တာကြောင့်ပစ္စည်းဟောင်းဈေးကွက်က နောက်ပိုင်းမှာလည်းဆက်ရှိနေဦးမှာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အသစ်တွေ မကောင်းတာကြောင့် အဟောင်းတွေကို ဝယ်နေရတာဖြစ်ကြောင်းလည်း ၎င်းကဆိုပါတယ်။ ပရိဘောဂပစ္စည်းတွေဟာ အိမ်တွင်းအလှဆင်ရန် တစ်ခုတည်းအတွက်သာမက မြန်မာ့ရိုးရာလက်မှုပညာအမွေအနှစ်တွေကို မြတ်နိုးစွာသိမ်းဆည်းထားလိုသူတွေအတွက် အမှတ်တရပစ္စည်းတစ်ခုအဖြစ်လည်း တည်ရှိနေပါတယ်။

အိမ်သုံးပရိဘောဂ ပစ္စည်းဟောင်းတွေကို တစ်ကိုယ်တည်းနေထိုင်ကြတဲ့ လူငယ်တွေကလည်းစိတ်ဝင်တစားရှိပြီးဝယ်ယူစုဆောင်းကြတာတွေလည်း ရှိပါတယ်။ ခုတင်နဲ့ စားပွဲခုံ၊ စာအုပ်စင်တွေကို ကြိတ်သားနဲ့ လုပ်ထားတဲ့အသစ်တွေကို ဝယ်သုံးရတာထက် ပစ္စည်းဟောင်းရောင်းတဲ့နေရာတွေကနေတစ်ဆင့် ဝယ်ယူရတာ စိတ်ကြိုက်ပိုတွေ့တယ်လို့ သင်္ကန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ မယမင်းခင်က ပြောပါတယ်။

"ပစ္စည်းဟောင်းဆိုရင် အိမ်အသုံးဆောင်ပရိဘောဂတွေတင်မဟုတ်ဘူး အဝတ်အစားတွေလည်းပါတယ်၊ ဈေးနှုန်းချိုတယ်၊ ပစ္စည်းကောင်းတယ်၊ သူများနိုင်ငံကလာတဲ့ ပစ္စည်းဆိုပေမဲ့ ဒီမှာလို လုံးဝသုံးမရအောင်သုံးထားတာ မဟုတ်တဲ့အတွက် သိပ်စိတ်ပူစရာ မလိုဘူး"လို့ မယမင်းခင်က ပြောပါတယ်။

နိုင်ငံရဲ့အနေအထားအရ နေ့စဉ်သုံးစွဲနေတဲ့ ပစ္စည်းအများစုဟာ နိုင်ငံခြားက တင်သွင်းထားတာတွေ ဖြစ်တဲ့အတွက် တချို့အရာတွေဟာ ပြည်တွင်းမှာ ပိုဈေးကြီးနေတတ်ပါတယ်။ ပြည်တွင်းသာမက နိုင်ငံခြားက ပစ္စည်းဟောင်းတွေကိုတစ်ဆင့် ပြန်လည်ရောင်းချသူတွေဆီကနေ ပြန်လည်ဝယ်ယူတဲ့အခါ အရည်အသွေးကောင်းပစ္စည်းတစ်ခုကို ဈေးချိုချိုနဲ့ ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်လို့လည်း မယမင်းခင်က ဆိုပါတယ်။

အိမ်သုံးပရိဘောဂအဟောင်းလို့ဆိုရာမှာ အများအားဖြင့် သံ၊ သစ်သားနဲ့ ကြိမ်တွေကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ ပစ္စည်းတွေဖြစ်တဲ့ အဝတ်ဗီရို၊ ခုတင်၊ စားပွဲနဲ့ ကုလားထိုင်တွေကို ရောင်းဝယ်ကြတာပဲ ဖြစ်ပါတယ်။ 

အခြား အိမ်သုံးပစ္စည်းအသေးအမွှားတွေကအစ ရောင်းဝယ်ကြတာတွေရှိကြပေမဲ့ သံ၊ သစ်သား၊ ကြိမ်တွေနဲ့ ပြုလုပ်တဲ့ ပစ္စည်းတွေကိုသာ ပစ္စည်းဟောင်းဝယ်ယူသူတွေက စိတ်ဝင်စားကြတယ်လို့ ပရိဘောဂ ပစ္စည်းအဟောင်း ရောင်းဝယ်တဲ့ ကိုကျော်မိုးသူက ပြောပါတယ်။

"ဆိုဖာဆက်တီတွေနဲ့ တခြားပစ္စည်းအသေးအမွှားတွေက ထိန်းသိမ်းရလည်းခက်တယ်၊ ဝယ်သူရှိမရှိဆိုတာလည်း မသေချာတော့ သိပ်မတင်ဖြစ်ဘူး၊ သံ၊ သစ်နဲ့ ကြိမ်တွေနဲ့လုပ်တဲ့ ပစ္စည်းတွေကျတော့ တစ်နှစ်လောက်ပစ်ထားလည်း ဆုံးရှုံးစရာသိပ်မရှိတော့ ဒီပစ္စည်းတွေကိုပဲ အဓိကရောင်းဝယ်ဖြစ်တယ်"လို့ ၎င်းက ဆိုပါတယ်။

ပစ္စည်းဟောင်းရောင်းဝယ်တဲ့ သူတွေရဲ့ အဓိက ကုန်ကြမ်းရရှိရာ ရင်းမြစ်ကတော့ ဆိုင်ခန်း၊ ကုမ္ပဏီ ရုံးခန်းဖျက်တဲ့သူတွေနဲ့ နေရပ်ပြန်နိုင်ငံခြားသားအိမ်တွေပဲဖြစ်ပါတယ်။ ဒုတိယအနေနဲ့ အိမ်ပြောင်းရွှေ့ရာမှာ ကြီးမားတဲ့ ဝန်ပိုပရိဘောဂပစ္စည်းတွေကို ပြန်လည်ရောင်းချတဲ့ သူတွေနဲ့ပရိဘောဂ အဟောင်းနဲ့အသစ်ကို လဲလှယ်ချင်တဲ့သူတွေဆီကနေရရှိလေ့ရှိတယ်လို့ ကိုကျော်မိုးသူက ပြောပါတယ်။

ပြည်တွင်းဈေးကွက်ထဲမှာတော့ သစ်တောအုပ်ချုပ်မှုအောက်မှာမရှိတဲ့ သစ်တွေဖြစ်တဲ့ ရော်ဘာသားနဲ့ ပြုလုပ်တဲ့ ပစ္စည်းတွေဟာ လတ်တလောဈေးကွက်ထဲမှာ အသုံးတွင်ကျယ်လာပါတယ်။ အိမ်သုံးအနေနဲ့ တွင်တွင်ကျယ်ကျယ်သုံးတာမျိုး မရှိသေးပေမဲ့ စီးပွားရေးလုပ်ငန်းသုံးတွေဖြစ်တဲ့ ကော်ဖီဆိုင်၊ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ အများအပြားအသုံးပြုလာကြတယ်လို့လည်း မြန်မာနိုင်ငံ ပရိဘောဂလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

မြန်မာပြည်ရဲ့ ပရိဘောဂပစ္စည်းတွေ နိုင်ငံခြားတင်ပို့နိုင်မှုက အောက်ဆုံးမှာရှိနေပေမယ့် ပြည်ပကနေ  တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းသုံးရာခန့် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဈေးကွက်ထဲမှာတင်သွင်းရောင်း ချလျက်ရှိနေတယ်လို့ ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

"နိုင်ငံရဲ့စီးပွားရေး ကျဆင်းနေတဲ့အတွက်ကြောင့် ပရိဘောဂဈေးကွက်ဟာလည်း ကျဆင်းနေပါတယ်၊ မသုံးမဖြစ်လို့သုံးရတဲ့ ပစ္စည်းတွေလောက်ပဲ အရောင်းအဝယ်ဖြစ်နေပြီး အများဆုံးကတော့ ရုံးသုံးပရိဘောဂ ပစ္စည်းတွေပဲ ရောင်းရတယ်"လို့ ဦးကျော်ကျော်ဝင်းက ဆိုပါတယ်။

အသစ်မှအသစ်ဆိုပြီး အသစ်တွေကိုသာ ကြိုက်နှစ်သက်ကြတဲ့သူတွေရှိနေသလို အဟောင်းထဲက အကောင်းတွေကိုသာ ရွေးချယ်ကြိုက်နှစ်သက်ကြတဲ့သူတွေ ရှိနေကြတဲ့အတွက် ပစ္စည်းဟောင်းရောင်းဝယ်တဲ့ ဈေးကွက်ဟာပစ္စည်းသစ်တွေရောင်းဝယ်နေကြတဲ့ ပင်မဈေးကွက်ကြီးရဲ့ အကိုင်းအခက်တစ်ခုပမာ ကောင်းမွန်စွာ ရှင်သန်နေလျက်ရှိပါတယ်။

နောင်နှစ်များမကြာမီမှာ တန်ဖိုးထားဝယ်ယူသူ များပြားလာတာနဲ့အမျှ အဟောင်းဈေးကွက်က ပိုမိုကြီးထွားလာနိုင်မလား ဒါမှမဟုတ် အသစ်တွေကလွှမ်းမိုးအနိုင်ယူသွားမလားဆိုတာကိုတော့ စိတ်ဝင်တစားစောင့် ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Posted By  : Stella  (www.findpropertymm.com)

Ref    & Photo By       ; Myanmar  Time

May  16    ,2019