Find Property

ဆူးလေလူကူးခုံးကျော်တံတားကို ဘယ်လိုအဆင့်မြှင့်တင်မလဲ???

5 Feb 2019 | 01 Jan 1970

       ရန်ကုန်တိုင်းဒေသကြီးရှိ ဆူးလေခုံးကျော်တံတား လေးဘက်လေးတန်အား စက်လှေကား (သို့မဟုတ်) ဓာတ်လှေကားများကို လာမည့် ၂၀၁၉ - ၂၀၂၀ ဘတ်ဂျက်ကာလအတွင်း တပ်ဆင် သွားမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဖေဖော်ဝါရီ ၄ ရက်၌ ပြောသည်။

        ယင်းဆူးလေခုံးကျော်တံတားကို စက်လှေကားတပ်ဆင်ရန်အတွက် ထောက်ကြန့်လူကူး ခုံးကျော်တံတား ဖျက်သိမ်းလိုက်သောကြောင့် ပိုနေသည့် ဘီလျံ ၂၀ ထဲမှ အသုံးပြုရန် လျာထား သော်လည်း ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင်စုရုံးကို စာရင်းများအပြီး ပေးသွင်း ရမည် ဖြစ်သောကြောင့် ၂၀၁၉- ၂၀၂၀ ဘတ်ဂျက်တွင်သာလျာထားရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

        " အခုဘီလျံ ၂၀ ထောက်ကြန့်က ခုံးကျော်တံတားကို ဖျက်လိုက်လို့ရတဲ့ပိုက်ဆံ လမ်းတံတား တွေကို သုံးရမှာ။ သူတို့က ဘီလျံ ၂၀ ထဲကနေပြီးတော့ ဆူးလေလမ်းတစ်လျှောက်ကတ္တရာထပ်ပြီး ခင်းမယ်။ သန်းပေါင်း ၆၈၀ လောက်ကျမယ် လို့တင်ပြလာတာကို ကျွန်တော်တို့က သဘောမတူဘူး ။ ဆူးလေလမ်းက နောက်ထပ် သုံးနှစ်လောက်သုံးလို့ရတယ် ။ ဆူးလေခုံးကျော်တံတားက ဓာတ် လှေ ကား မရှိတော့ လူတွေက မတက်ကြဘူးလေ" ဟု ဦးသန်းနိုင်ဦးက ပြောသည်။

        '' ဒါကြောင့် ဘီလျံ ၂၀ ထဲကနေပြီးတော့ အသုံးပြုမယ် ဆိုပေမဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြည်ထောင်စုကို စာရင်း အပြီးတင်ရမှာ ဆိုတော့ ခုံးကျော် တံတားအတွက် လိုအပ်တဲ့အရာတွေကအချိန်မမီတော့ဘူး ။၂၀၁၉ - ၂၀၂၀ ဦးစားပေးပြီးတော့ ထည့်ပေးပါမယ်ပြောပြီးတော့ ကတိပြုသွားတယ်" ဟု ၎င်းက ပြောသည်။

        ထောက်ကြန့်လူကူးခုံးကျော်တံတားအား ဖျက်သိမ်းလိုက်သည့်အတွက် ယင်းပိုနေသော ဘီလျံ ၂၀ ကိုမူရွှေပြည်သာရှိ ပျက်စီးနေသောလမ်းများ နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကန်တော်တံတား ကိုလည်း ပြုပြင်အသုံးပြုသွားမည်ဟု ဆိုသည်။

 

Posted By  : Thazin Hnin Htet (www.findpropertymm.com)

Ref & Photo Credit  : Myanmar Builders Guide 5 Feb 2019