Find Property

ဒေသလေးခုချိတ်ဆက်နိုင်မည့် စစ်တောင်းမြစ်ကူးတံတားတစ်စင်း လာမည့်ဘဏ္ဍာနှစ်တွင် တည်ဆောက်ရန်စီစဉ်ထား

10 Jan 2019 | 01 Jan 1970

ရေတာရှည်မြို့နယ်၊ ဆွာမြို့တွင် စစ်တောင်းမြစ်ကူးတံတားတစ်စင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန် စီစဉ်ထားကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

          ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ငါးကြီးကွေ့ကျေးရွာနှင့် ကူးတို့ဆိပ်ကျေးရွာ လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတားလမ်းအူကြောင်းကို လျာထားပုံစံ (၁) ပေ ၇၀၀ အရှည်၊ ကုန်ကျစရိတ် ငွေကျပ် သန်း ၂၈၀၀၊ လျာထားပုံစံ (၂) ပေ ၆၀၀ အရှည်၊ ကုန်ကျစရိတ် ငွေကျပ် သန်း ၂၄၀၀ တို့ဖြင့် ၂၀၁၉-၂၀၂၀ ပြည့်နှစ် စတင်ဆောင်ရွက်နိုင်ရန် ဘက်ဂျက်လျာထားတင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားတည်ဆောက်ရေးအတွက် ရေပြင်၊ မြေပြင်အနေအထား၊ ချဉ်းကပ်လမ်း ဖောက်လုပ်သွားမည့် အခြေအနေများကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ကာ ဇန်နဝါရီလ ၁ ရက်တွင်လည်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေတာရှည်မြို့နယ်၊ ဆွာမြို့ ဆွာရွာမအုပ်စုအတွင်းမှ ကူးတို့ဆိပ်ရွာ၌ တောင်ကြီးရွာ၊ အနောက်ကုန်းရွာ၊ ရွာသစ်ရွာ၊ ကြာအင်းကုန်းအုပ်စုမှ မြောင်းတူရွာ၊ ကျိတ်ပတ္တီးအုပ်စုမှ ခင်တန်းရွာတို့ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားတည်ဆောက်ပြီးပါက ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များသို့ တိုက်ရိုက်ချိတ်ဆက်နိုင်ပြီး တောင်ပေါ်ဒေသရှိ ဒေသခံ ပြည်သူများ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် အခြေခံလူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်စေမည်ဖြစ်ကြောင်း သိရသည်။

Posted By  : Thazin Hnin Htet (www.findpropertymm.com)

Ref & Photo Credit   : Myanmar Builders Guide 10 Jan 2019